သောဘိတမြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် အန္တရကပ်တစ်ခုတွင် (မ, သု, ရေ, သော)ဟူသော ဘုရားလေးဆူ ပွင့်သော သာရမဏ္ဍကမ္ဘာသည် ကုန်ဆုံးသွား၏၊ ထို့နောက်တွင် ဘုရားပွင့်ခြင်းမှ ဆိတ်သုဉ်းသော ဘုရားမပွင့်သော သုညကမ္ဘာကပ် အသင်္ချေဖြစ်ပျက် ကုန်လွန်သည်။ ထို့နောက် တက်ကပ်ကမ္ဘာ ဆုပ်သက်ကမ္ဘာဖြစ်ပျက်လာရာ တစ်ခုသောဆုတ်ကပ် ကမ္ဘာတွင် အနောမဒဿီ၊ ပဒုမ၊ နာရဒ၊ (အ, ပ, နာ)ဟူသောဘုရားသုံးဆူ
ပွင့်တော်မူကြသည်။ ဘုရားသုံးဆူပွင့်သော ကမ္ဘာဖြစ်သောကြောင့် “ဝရကမ္ဘာ” ဟုခေါ်ဆို
လေသည်။
ဖြစ်တော်စဉ်
အနောမဒဿီဘုရားအလောင်းတော်သည်
ပါရမီအကျင့်မြတ်တို့ကိုဖြည့်ကျင့်တော်မူပြီး၍ တုသိတာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်၍ စန္ဒဝတီ နေပြည်တော်၌ ယသဝါမင်းကြီး နန်းတော်တွင် ယသောဓရာဒေဝီ မိဘုရားကြီးမှ
ဖွားမြင်တော်မူသည်။ မင်းသားအား နာမကရဏ မင်္ဂလာပြုသောအခါတွင် ကောင်းကင်းယံမှ ရွှေ ငွေ စသောရတနာ(၇)ပါးမိုးရွာသွန်းချမှုကိုအကြောင်းပြုကာ အနောမဒဿီ မင်းသားဟုမှည့်ခေါ်ကြသည်။ အနောမဒဿီမင်းသား အရွယ်ရောက်လျှင်
သီရိမာဒေဝီမိဖုရားနှင့်-သိရီ၊ ဥပသိရီ၊ သိရီဝဍ္ဎန ရွှေနန်းသုံးဆောင်၌
ဥပဝါနမင်းသား ဖွားမြင်သည်အထိ နှစ်ပေါင်း(၁၀, ဝဝဝ)
တစ်သောင်းကာလပတ်လုံး ရွှေနန်းစီးစိမ်ကို
ခံစားစံစားတော်မူသည်။ နိမိတ်ကြီးလေးပါး
မြင်တွေ့သောအခါ သံဝေဂထင်လာ၍
ရွှေထမ်းစင် (ဝေါယာဉ်)စီးကာတောထွက်တော်မူ၍
(၁၀) လပတ်လုံး ဒုက္ကရစရိယာ အကျင့်ကိုကျင့်ကြံ အားထုပ်ပြီးလျှင် အဇ္ဇုန ရုက္ခဗောဓိ-ထောက်ကြံ့ (ဖောက်ကြံ) ဗောဓိပင်ကိုအမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။
အနောမဒဿီဘုရားလက်ထက်တော်
အခါ၌ ငါတို့ဗုဒ္ဓဂေါတမအလောင်းလျာသည် ဘီလူးစစ်သေနာပတိကြီး ဖြစ်၍ ဘုရားရှင်တွေ့လျှင် ကြည်ညိုပွားကာ မိမိဘုံဗိမာန်တွင် ဆန်းကြယ်သော မဏ္ဍပ်ကြီးဖန်ဆင်း၍ ဘုရားရှင်ထံအလှူကြီးပေးကာ
နိယတဗျာဒိတ် ပန်းကိုဆင်မြန်းခဲလေသည်။
တပည့်သာဝကများ
- အဂ္ဂသာဝကကြီး ယာ+ဝဲ နှစ်ပါး-အရှင်နိသဘထေရ်၊ အနောမထေရ်တို့တည်း။
- အနီးကပ် လုပ်ကျွေးသော ရဟန်းကား-အရှင်ဝရုဏထေရ်တည်း။
- အဂ္ဂသာဝိကာမကြီး ယာ+ဝဲ နှစ်ပါးကား- အရှင်မ သုန္ဒရီထေရီ အရှင်မ သုမနာထေရီ တို့တည်း။
- အဂ္ဂဒါယကာ(၂) ဦး-နန္ဒိဝဍ္ဎနသူဋ္ဌေး၊ သိရီဝဍ္ဎသူဌေး တို့တည်း။
- အဂ္ဂဒါယိကာမကြီး(၂) ဦး- ဥပ္ပလာဥပါသိကာမ-ပဒုမာဥပါသိကာမတို့တည်း။
အနောမဒဿီဘုရားဉာဏ်တော် (အရပ်)မှာ (၅၈)ငါးဆယ့်ရှစ်တောင်မြင့်၍ ရောင်ခြည်တော် (၁၂)ယူဇနာတိုင်အောင်ပျံနှံ့သည်။
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်ထေရ် (၂)ပါးတို့လည်း ဤဘုရားရှင်ထံမှ အဂ္ဂသာဝက ဆုကို ပန်ဆင်ခဲ့ကြသည်။ အနောမဒဿီမြတ်စွာဘုရားသည် လူတို
သက်တမ်း (၈၀, ဝဝဝ)ရှစ်သောင်းတွင် ဓမ္မရာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသတည်း။
၁၀။ အနောမဒဿီ-ဘုရားရှိခိုး+ဆုတောင်းဂါထာ
ကျမ်းကိုး
- ↑ အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။