သေခိယမှ ပါဒုကာရုဠှစသောသိက္ခာပုဒ် ၈-ပါးနှင့်
ဘိက္ခုနီ၊ ဆတ္တုပါဟနဝဂ်၊ ယာနသိက္ခာပုဒ် ပါဝင်သည်။
ပါဒုကာရုဠှစသောသိက္ခာပုဒ် ၈-ပါး (ပါဒုကဝဂ်)
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာနမဟုတ်သော—
ခြေနင်း(ခုံဘိနပ်) စီးထားသူအား တရားဟောကြကုန်၏။
အခြားဘိနပ်တမျိုးမျိုး စီးထားသူအား တရားဟောကြကုန်၏။
လှည်းရထားစသော ယာဉ်ပေါ်၌ နေသူအား တရားဟောကြကုန်၏။
အိပ်ရာပေါ်၌ နေသူအား တရားဟောကြကုန်၏။
ဒူးထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့ထိုင်နေသူအား တရားဟောကြကုန်၏။
ခေါင်းပေါင်းကြီး ကုလားများ ပေါင်းသကဲ့သို့ ဦးခေါင်းကို ဆံစ မပေါ်အောင် ရစ်ပတ်ပေါင်းထားသူအား တရားဟောကြကုန်၏။
ခေါင်းမြီးခြုံထားသူအား တရားဟောကြကုန်၏။
တရားဟောသူက အခင်းမပါ မြေပေါ်မှာထိုင်လျက် အခင်းပေါ် ခုံပေါ်၌ ထိုင်နေသူအား တရားဟောကြကုန်၏။
ထိုသို့တရားဟောကြရာ၌ကား (လူတို့က မကဲ့ရဲ့ရဘဲ) ရဟန်းတော်များ ကိုယ်တိုင်ကပင် အောက်ကျနောက်ကျရှိလှသော ထိုအပြုအမူကို ကဲ့ရဲ့၍-[၁]
ဘုရားရှင်အား တိုင်တန်းလျှောက်ထားလေရာ ဘုရားရှင်လည်း များစွာ အပြစ်တင်တော်မူပြီးလျှင်—
“န ပါဒုကာရုဠှဿ...၊
န ဥပါဟနာရုဠှဿ...၊
န ယာနဂတဿ...၊
န သယနဂတဿ...၊
နပလ္လတ္ထိကာယ နိသိန္နဿ...၊၊
န ဝေဌိတသီသဿ...၊
န ဩဂုဏ္ဌိတသီသဿ...၊
န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ ၈-ပါးသော သိက္ခာပုဒ်များကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
ဂိလာန မဟုတ်ဘဲ ခုံဘိနပ်စီးထားသူ, အခြားဘိနပ် အမျိုးမျိုးစီးထားသူ ယာဉ်၌ တက်စီးနေသူ, အိပ်ရာပေါ်၌ ရောက်နေသူ, လက်အဝတ်တို့ဖြင့် ဒူးကိုပတ်ဖွဲ့နေသူ, ဦးခေါင်းကို ခေါင်းပေါင်းကြီး ရစ်ပေါင်းထားသူ, ခေါင်းမြီးခြုံထားသူ, မြေပေါ်၌ နေလျက် နေရာထိုင်ခုံပေါ်၌ နေသူအား တရားမဟောအံ့”ဟုအလေ့အကျင့်ကို ပြုရမည်။
ဘိက္ခုနီ၊ ဆတ္တုပါဟနဝဂ်၊ ယာနသိက္ခာပုဒ်
အမှု—ယာဉ်ဖြင့် သွားလာမှု။
အမှုသည်—ဘိက္ခုနီများ။ [၁]
ယာဉ်
ခြေဖြင့်မသွားဘဲ ယာဉ်ဖြင့် သွားခြင်းလည်း ဟန်ကြီး ပန်ကြီးလုပ်ခြင်း တစ်မျိုးပင်ဟု (ရှေးခေတ်က) ယူဆသောကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ယာဉ်စီး၍ သွားခြင်းကို “ကာမဂုဏ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲဟု လူတို့က စွပ်စွဲကဲ့ရဲ့ကြသဖြင့် “ယာဉ်မစီးရ”ဟု ပထမပညတ်တော်မူပြီးလျှင် ယာဉ်မစီးရလျှင် ရောဂါ တိုးမည့် ဂိလာနအတွက် ခြွင်းချက်ပြုကာ ဒုတိယ ပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်
ယာ ပန ဘိက္ခုနီာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်
ဂိလာနမဟုတ်ဘဲ ယာဉ်ဖြင့်ခရီးသွားသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
မဟာဝါ စမ္မက္ခန္ဓက ပါဠိတော်၌ “ဘိက္ခုတို့လည်း ဂိလာနမဟုတ်လျှင် ယာဉ်မစီးရ၊ စီးလျှင် ဒုက္ကဋ်အာပတ်”ဟု ပညတ်တော်မူ၏။ ထို၌ “ယာဉ် ဟူသည် “ပုရိသယုတ္တံ = အထီး (နွားထီး မြင်းထီး) ကအပ်သောယာဉ်၊ ဟတ္ထဝဋ္ဋကံ = လက်ဖြင့် လိမ့်စေအပ်သော ယာဉ်”ဟု သရုပ်ပြထား၏၊ ထို့ကြောင့် ဂိလာနမဟုတ်လျှင် နွားလှည်း မြင်းရထား လက်တွန်းလှည်း လန်ချားများကို မစီးကောင်းဟုမှတ်။
ထို့ပြင်-ခြေချင် မသွားနိုင်လောက်သော ဂိလာန (အိုနာလည်း ပါဝင်၏။) မဟုတ်လျှင် သိဝိကာ (ထမ်းစင် = ဝေါ)ကိုလည်းကောင်း, ပါဋင်္ကီ (အဝတ်ထမ်း)ကိုလည်းကောင်း, ဝယှ(လူ၂-ယောက်လက်ချင်းယှက်၍ ဆောင်ယူရသော လက်ပွေ့ အထမ်း)အမျိုးမျိုးကိုလည်းကောင်း, မစီးကောင်း၊ ဂိလာနဖြစ်လျှင် ပြခဲ့သမျှ အားလုံးအပ်၏။ သို့သော်မြင်းမ, နွားမကသော ရထားလှည်းတို့ မအပ်၊ နောက်ခေတ်မှ ပေါ်လာသော မီးရထား မော်တော်ကားတို့ကား ယာဉ်တွင် ပါဝင်စေကာမူ မောင်းနှင်သူကို ညှဉ်းဆဲရာ မရောက်သောကြောင့်လည်းကောင်း, မအပ်ဟု သရုပ်ဖေါ်ထားသော ယာဉ်တို့တွင် မပါဝင်သောကြောင့်လည်းကောင်း, သင်္ဘော လေယာဉ်ပျံတို့နှင့်အလားတူ “အပ်သောယာဉ်” ဟုယူကြသည်။
ကိုးကား
- ↑ ၁.၀ ၁.၁ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။