အမှု—အရှင်ဥပါလိကို ဆဲဆိုခြိမ်းချောက်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီက္ခုနီများ။ [၁]
အကြီးဆုံးဆဗ္ဗဂ္ဂီမ သေဆုံးခြင်း
ဝေသာလီမြို့၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့၏ အကြီးဆုံး ဘိက္ခုနီသည် စုတေလေရာ များစွာသောဆဗ္ဗဂ္ဂီဂုဏ်းဝင် ဘိက္ခုနီတို့သည် ထိုအလောင်းကို သုသာန်၌ အမြဲနေသော အရှင်ကပ္ပိတက၏ကျောင်းအနီးမှာ မီးရှို့၍ အရိုးအိုးစေတီတည်ထားပြီးလျှင် မကြာမကြာ သွား၍ ငိုကြလေသည်၊ ထိုသို့မကြာမကြာလာ၍ ငိုကြသော အသံသည် အရှင်ကပ္ပိတကမှာ အနှောင့်အယှက်တစ်ခု ဖြစ်နေသောကြောင့် အရှင်ကပ္ပိတကသည် ထိုအရိုးအိုး စေတီကို ဖျက်၍ ဖရိုဖရဲ ဖြန့်ကြဲ ပစ်စေ၏။ [ “အရှင်ကပ္ပိတက” ဟူသည် ဥရုဝေလကဿပစသော ရဟန္တာ တထောင်တွင် အပါအဝင်ဖြစ်၍ အရှင်ဥပါလိ၏ဥပဇ္ဈာယ်ဆရာကြီးတည်း၊ “အရှင်ဥပါလိ”ကား လူဘဝတုန်းက အရှင်အနုရုဒ္ဓါစသော မင်းသားတို့ကို ရေချိုးပေးရသူဖြစ်၍ အရှင်အနုရုဒ္ဓါစသည်တို့နှင့် အတူပင် တောထွက် လာသော ဝိနည်းဓိုရ်ဧတဒဂ်ရ ရဟန္တာပုဂ္ဂိုလ်တည်း၊]
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် သူတို့ဆရာမကြီး၏ အရိုးအိုးစေတီကို ဖျက်ပစ်သော အရှင်ကပ္ပိတကကို သတ်ဖို့ရန် တိုင်ပင်ကြကုန်၏။ ထိုအကြောင်းကို ကြားသော ဘိက္ခုနီတစ်ယောက်သည် အရှင်ဥပါလိထံ သွား၍ တိုးတိုး တိတ်တိတ် လျှောက်ထားလေရာ, အရှင်ဥပါလိကလည်း အရှင်ကပ္ပိတကကို လျှောက်ထားသဖြင့် အရှင်ကပ္ပိကကသည် ကျောင်းမှထွက်ခွာ၍ တနေရာမှာ ပုန်းနေရှာလေသည်၊ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် တိုင်ပင်ထားသည့်အတိုင်းပင် ညဉ့်တစ်ဉည့်မှာ အရှင်ကပ္ပိတကကျောင်းကို ဝိုင်း၍ ကျောက်ခဲအုဌ်ခဲတို့ဖြင့် တစ်ယောက်တစ်လက် ဆက်ကာဆက်ကာ ထုကြလေရာ ကျောင်းကလေး ပိပြားသွားခါမှ “ကပ္ပိတကတော့သေလောက်ပေါ့”ဟု ဆို၍ ပြန်သွားကြလေသည်။
နံနက်လင်းသောအခါ ဝေသာလီမြို့၌ ဆွမ်းခံကြွနေသော အရှင်ကပ္ပိတကကို မြင်ကြ၍ “ဒီကပ္ပိတကဟာ အသက်ရှင်နေတယ်၊ ငါတို့ တိုင်ပင်တာကို ဘသူသွားပြောပါလိမ့်မလဲ”ဟု စုံထောက်ကြသောအခါ အရှင်ဥပါလိ သွားပြောကြောင်း ကြားသိရ၍ အရှင်ဥပါလိထံ ဆဗ္ဗဂ္ဂီဘိက္ခုနီအများ သွားကြပြီးလျှင် “ဖန်ရည်ဆိုးထားတဲ့ အဝတ်ဝါကိုဝတ်ကာ သူတစ်ပါးအညစ် အကြေးကို ပွတ်တိုက်ရေချိုးပေးရတဲ့ ဒီဇာတ်နိမ့်တဲ့သူက ငါတို့ရဲ့ တိုင်ပင်တာကို ဟိုပြော ဒီပြော-ပြောရသလား”ဟု ဝိုင်း၍ ဆဲဆိုကြိမ်းမောင်း ကြလေသည်၊ ထိုအကြောင်းကိုကြားသိသော ဘိက္ခုနီ-ဘိက္ခုအများပင် ထိုဆဗ္ဗဂ္ဂီဘိက္ခုနီတို့အား ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
ယာ ပန ဘိက္ခုနီ ဘိက္ခုံ အက္ကောသေယျ ဝါ ပရိဘာသေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်
ရဟန်းယောက်ျားကို ဆဲသော, သို့မဟုတ် ဘေးကိုပြ၍ (ဘယ်လိုလုပ်မည် စသည်ဖြင့်)ခြိမ်းချောက်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏၊ [သာမဏေစသည်နှင့် လူဝတ်ကြောင်များကို ထိုကဲ့သို့ ဆဲဆိုကြိမ်းမောင်းလျှင်ကား ဒုက္ကဋ်အာပတ်သင့်၏။]
ကိုးကား
- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။