ဒေါက်တာအေးဇံ (၄ ဧပြီ ၁၉၅၄ မွေးဖွား) သည် မွန်လူမျိုး၊ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
ဒေါက်တာအေးဇံကို ဖခင် ဦးကျော်ဇံနှင့် မိခင် ဒေါ်ရင်မြတို့က မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားခဲ့သည်။ မုဒုံ၊ သံဖြူဇရပ်နှင့် သီပေါမြို့များတွင် ပညာသင်ယူခဲ့ပြီးနောက် ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[၂]
နိုင်ငံရေး လုပ်ကိုင်ခြင်း
ဒေါက်တာအေးဇံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၃] ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်မှတ်ပုံတင်သည့်ခုနှစ်တွင် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါက်တာအေးဇံက စတင်ဦးဆောင်ခဲ့သည်။[၄]
ဒေါက်တာအေးဇံသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။[၂]
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း
မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ဦးမင်းမင်းဦးက ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့သဖြင့် လစ်လပ်နေသော ဝန်ကြီးချုပ်ရာထူးနေရာတွင် ဒေါက်တာအေးဇံအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပြီးနောက် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်ခဲ့သည်။[၂][၅]
ဖမ်းဆီးထောင်ချခံရခြင်းများ
ဒေါက်တာအေးဇံသည် ၁၉၉၇ ခုနှစ်က နိုင်ငံပိုင်ယူကလစ်ပင်များအား ဖျက်ဆီးမှု အပက (၃) ဖြင့် ထောင် ၁ဝ နှစ် ချမှတ်ခံရဖူးသည်။
၎င်း တရားဝင်ဝယ်ယူထားသည့် ခြံထဲမှ ယူကလစ်ပင်များမှာ နိုင်ငံတော်ပိုင်ယူကလစ်များဖြစ်သည်ဆိုပြီး အမှုဖွင့် ထောင်ချခဲ့ခြင်းဖြစ်ကာ ထိုသို့ထောင်ချခံရခြင်းက နိုင်ငံရေးအကြောင်းပေါ် အခြေခံပြီး ထောင်ချခြင်းဖြစ်သည်ဟု Myanmar Now ကဖော်ပြသည်။ [၆]
၂ဝဝ၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဒေါက်တာအေးဇံ သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် အခြားသောဝန်ကြီးချုပ်များကဲ့သို့ပင် ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[၇] ၂၀၂၁ ဖေဖော်ဝါရီ ၂ရက်တွင် ဝန်ထမ်းအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ဖေဖော်ဝါရီ ၁၀ရက်တွင် ထပ်မံ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။[၈] ယင်းနောက် ပုဒ်မ ၅၀၅ (ခ)၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ယူခဲ့သော စွပ်စွဲချက်အပါအဝင် အဂတိအမှု (၉)မှု၊[၉] ရွေးကောက်ပွဲဆိုင်ရာအမှု စသည့် အမှုပေါင်း၁၃ မှုဖြင့် အမှုဖွင့်တရားစွဲခြင်းကို ခံခဲ့ရသည်။
ဒေါက်တာအေးဇံက ၎င်းအပေါ် စွပ်စွဲထားသည့် အမှုများအားမကျူးလွန်ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။[၁၀]
သို့သော်လည်း CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ကျိုက်မရောအကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ၂၀၂၁ခုနှစ်ဒီဇင်ဘာလတွင်ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။[၁၁]
ဆက်၍ ၂၀၂၂ခုနှစ် မေလ(၁၆)ရက် တွင် အဂတိအမှု(၉)မှုကို ကျူးလွန်သည်ဟု မွန်ပြည်နယ်တရားလွှတ်တော်က ဆုံးဖြတ်ပြီး ဒေါက်တာအေးဇံကို ထောင်ဒဏ်(၂၁)နှစ် ချမှတ်ခဲ့ပြန်သည်။[၁၂]
၂၀၂၂ ဇူလိုင် ၁၁ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးက စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စွဲဆိုထားသော ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုဆိုသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)အမှုဖြင့် ဒေါက်တာအေးဇံအား နောက်ထပ် ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်သည်။
၂၀၂၂ ဒီဇင်ဘာ ၆ရက်တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)၂မှုဖြင့် နောက်ထပ် ထောင် ၂နှစ် ချမှတ်သည်။
ဒေါက်တာအေးဇံသည် အမှု ၁၃ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရသည်။[၁၃]
[၁၄] ဒေါက်တာအေးဇံ၏ ရှေ့နေအဖွဲ့က မွန်ပြည်နယ်တရားလွှတ်တော်က ချမှတ်ခဲ့သော အဂတိအမှုများအပေါ် ၂၀၂၂ခုနှစ် သြဂုတ် ၁၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံ သွားရောက်လျှောက်ထားခဲ့သော်လည်း အဆိုပါအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ အောက်ရုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဟု အမိန့်ချမှတ်ခြင်းလည်းရှိခဲ့သည်။[၁၅]
၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်တွင် ကျိုက်မရောအကျဉ်းထောင် မှနေ၍ ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင် သို့ ပြောင်းရွှေ့ခြင်းခံရသည်။ [၁၆]
ကိုးကား
|
---|
|
ပြည်နယ် ဝန်ကြီးချုပ်များ | |
---|
တိုင်းဒေသကြီး ဝန်ကြီးချုပ်များ | |
---|