ပရိဝါ (ပါဠိ : ပရိဝါရ ; Parivara) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ ပဉ္စမမြောက်နှင့် နောက်ဆုံးကျမ်းစာဖြစ်သည်။[ ၁] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း ၊ ဘိက္ခုနီဝိဘင်း ၊ မဟာဝဂ် ၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ် ၊ ပါစိတ် ၊ မဟာဝါ ၊ စူဠဝါ ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။[ ၂]
ပရိဝါရပါဠိတော် (သို့) ပရိဝါပါဠိတော် (သို့) ပရိဝါကျမ်းစာကို ဓမ္မပုစ္ဆာဝိသဇ္ဇနာ (အမေးအဖြေပုံစံဖြင့် ရေးသားဖွဲ့ဆိုထားသော အနှစ်ချုပ်အချက်များ) ပုံစံဖြင့်ဖွဲ့စည်းထားကာ လက်စွဲကျမ်းသဘောမျိုးနှင့် တူပေသည်။ ဝိနည်းကျမ်းများတွင်ပါရှိသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ ဆောင်ရွက်ပုံစသည်များအားလုံးကို သီးသန့်အပိုင်းများဖြင့် ပိုင်းခြားသတ်မှတ်ကိုင်တွယ်ထားသည်။
ပရိဝါကျမ်းသည် ရဟန်းတို့၏ အမူအကျင့်များကို စည်းကမ်းဖြင့် ထိန်းသိမ်းရန်နှင့် သံဃာအဖွဲ့အစည်း၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာများကို စည်းကမ်းဖြင့်သတ်မှတ်ရန်အတွက် သံဃာအဖွဲ့အစည်းဆိုင်ရာစည်းမျဉ်းဥပဒေများကို မည်သို့မည်ပုံရေးဆွဲထားသည်ကို ရှင်းပြထားသည်။ ထို့အပြင် ဤကျမ်းစာ၌ ဝိနည်းပိဋကတ်ကို အာဂုံဆောင်ခဲ့ကြသော အရှင်ဥပါလိမှစ၍ အရှင်သီဝအထိ ဝိနည်းဓိုရ်ရဟန်းတော်များကို စဉ်ဆက်ပြသဖော်ပြထားသည်။ ပရိဝါကျမ်းစာသည် ငြင်းခုံမှုများ ရဟန်းတို့ကြားပေါ်ပေါက်လာပါက ပြေလည်စေရန် သံဃာဝိနိစ္ဆယဆောင်ရွက်ချက်များ ကျင့်သုံးမှုဆိုင်ရာ မူများ၊ လမ်းညွှန်ချက်များကိုလည်း ဖြည့်ဆည်းဖော်ပြထားသည်။[ ၁]
ဤကျမ်းစာတွင် သီဟိုဠ်မှ ရဟန်းတော်အမည်များလည်းပါဝင်သဖြင့် ဤကျမ်းစာကို သီဟိုဠ် (သို့) သီရိလင်္ကာနိုင်ငံတွင်ပြုစုသော ကျမ်းဟူ၍ အချို့ကယူဆကြသည်။[ကိုးကားချက်လိုသည် ]
ပါဝင်ဖွဲ့စည်းမှု
အပိုင်းအနေဖြင့် ၁၉ ပိုင်းဖြင့်ဖွဲ့စည်းထားသည်။[ ၃]
ဘိက္ခုဝိဘင်္ဂ
ဘိက္ခုနီဝိဘင်္ဂ
သမုဋ္ဌာနသီသင်္ခေပ
အန္တရပေယျာလ
သမထဘေဒ
ဧကုတ္တရိကနယ
ဥပေါသထာဒိပုစ္ဆာဝဿဇ္ဇနာ
ဂါထာသင်္ဂဏိက
အဓိကရဏဗေဒ
အပရဂါထာသင်္ဂဏိက
စောဒနာကဏ္ဍ
စူဠသင်္ဂါမ
မဟာသင်္ဂါမ
ကထိနဘေဒ
ဥပါလိပဉ္စက
အတ္ထာပတ္တိသမုဋ္ဌာန
ဒုတိယဂါထာသင်္ဂဏိက
သေဒမောစနဂါထာ
ပဉ္စဝဂ္ဂ
ကိုးကား
↑ ၁.၀ ၁.၁ Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
↑ ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
↑ ပရိဝါပါဠိတော်မြန်မာပြန် (ဒုတိယအကြိမ်) ။ ရန်ကုန်၊ ကမ္ဘာအေး: သာသနာရေးဦးစီးဌာန။ ၁၉၉၂။