စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၁၇၉.၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ [မုံရွာမြို့] ဖြစ်သည်။
ရာသီဥတု
တောင်တန်းဒေသများရှိရာ အနောက်မြောက်ဘက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။
ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။
မြောက်ဘက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။
အုပ်ချုပ်ရေး
မြို့တော်
လွတ်လပ်ရေးရပြီးခါစကာလတွင် စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သော်လည်း ၁၉၈၀ နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီး၏ အချက်အချာဖြစ်ခြင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်းတို့ပေါင်းဆုံရာ ဗဟိုအချက်အချာဖြစ်ခြင်း၊ တိုင်းဒေသကြီး၏ စီပွားရေး ဗဟိုချက်ဖြစ်နေခြင်း၊ အထက်အညာကျေးရွာများ၏ မှီခိုအားထားရာဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အရပ်ဒေသဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့ သည် လူဦးရေးနှင့် စီပွားရေး တဟုန်ထိုး တိုးတက်လာသည့်အခါ စစ်ကိုင်းတိုင်း၏ စီပွားရေးမြို့တော်အဖြစ် မြန်မာတစ်နိုင်ငံလုံးမှ အသိမှတ်ပြုလာခဲ့ကြသည်။
၂၀၀၆ ခုနှစ်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် စစ်ကိုင်းမြို့တွင် ရှိခဲ့သော်လည်း မန္တလေးတိုင်းနှင့်နီးကပ်စွာရှိနေခြင်းကြောင့် တိုင်းမြို့သည် မန္တလေးအားမှီခိုအားထားနေရခြင်း၊ တိုင်းနယ်နိမိတ်စည်း၏ အစွန်အဖျားတွင် ရှိနေခြင်းကြောင့် အုပ်ချုပ်မူကိစ္စများတွင် နှောင်နှေးရခြင်း၊ စစ်ကိုင်းအထက်ပိုင်းဒေသအား ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ခြင်း၊ လေကြောင်းခရီးအတိုင်းအတာအရ မန္တလေးနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် လေကြောင်းခရီးမပေါက်ခြင်း၊ မြို့ပေါ်နေ လူဦးရေတိုးတက်နူန်းနှေးကွေးခြင်းနှင့် စစ်ကိုင်းမြို့စီပွားရေးသည် မန္တလေး၏လက်ဝေခံဖြစ်နေခြင်း စသည့် ဆိုးကျိုးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် တိုင်းဒေသကြီးဗဟိုအချက်အချာဖြစ်ရာ မုံရွာမြို့ သို့ ပြောင်းရွေ့လာခဲ့ကြသည်။
၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မုံရွာမြို့အား မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းမှ လွယ်ကူချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်သည်။ ၂၀၀၂ ခုနှစ် မုံရွာမြို့ အနီးတွင် ဖွင့်လှစ်လိုက်သော ချင်းတွင်းတံတားသည် အနောက်ဘက်ချင်းတွင်းဒေသမှ ကုန်စည်စီးဆင်းများ ပိုမိုအားကောင်းသွားစေခဲ့သည်။
၂၀၁၀ ခုနှစ်တွင် မြို့တော်မြို့များမှ စစ်ဌာနချုပ်များရှိသော မြို့များသို့ ပြောင်းရွေ့ထားခဲ့ကြသော တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာတိုင်းမြို့များသို့ ပြန်လည်ပြောင်းရွေ့ သတ်မှတ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ စစ်ကိုင်းမြို့၌ မည်သည့်တိုင်းအဆင့်ရုံးမှ ပြန်လည်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြဘဲ မြို့တော်မုံရွာမြို့တွင်သာ တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာအဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြသည်။သို့သော်လည်း မြန်မာ့မီးရထား တိုင်းအမှတ်(၂) သည် စစ်ကိုင်းမြို့တွင် တည်ရှိနေဆဲဖြစ်သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စတုတ္ထတန်း ပထဝီဖတ်စာတွင် စစ်ကိုင်းတိုင်း၏ မြို့တော်အား မုံရွာမြို့၊ မြန်မာနိုင်ငံမြေပုံများတွင်လည်းမုံရွာမြို့ အဖြစ်သာတွေ့ရှိရမည်ဖြစ်သည်။ အဆိုပါကိစ္စအတွက် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြန်မာနိုင်ငံ ပညာရေးဒုတိယဝန်ကြီးမှ အများသိရှိလက်ခံနေသောကြောင့် ပြဋ္ဌာန်းထားသည်ဟု အဖြစ်မှန်အတိုင်းသာ ပြောကြားခဲ့သည်။
အုပ်ချုပ်ရေး
၂၀၁၁ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် မုံရွာမြို့၌ တည်ရှိသည်။
ဥပဒေပြုရေး
၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ မြို့နယ်တရားရုံးများရှိသည်။
လက်ရှိအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ ၃၃ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ အပြင်းထန်ဆုံး ဒေသ လည်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားပြီး အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာမှာ မြို့ကြီးတချို့တွင်သာရှိတော့ပြီး အချို့နေရာများတွင် အာဏာလေဟာနယ်ဖြစ်နေသည်။ တော်လှန်ရေးအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်း၏ ၃၀ ရာနှုန်းကို ပြည်သူ့အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ်များ တည်ဆောက်နေသည်။[ကိုးကားချက်လိုသည်] လက်ရှိ စစ်ကိုင်းတိုင်းတွင် စစ်ပွဲများကြောင့် စစ်ရှောင်လူဦးရေ သိန်းချီရှိနေပြီး အိမ်ခြေပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။လက်ရှိတွင်လည်းအကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကျေးရွာများမီးရှို့ဖျက်ဆီးခြင်း လေယာဉ်နဲ့ဗုံးကျဲခြင်း ဆေးရုံနှင့်စာသင်ကျောင်းများ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့အုပ်ချုပ်ရေးနယ်မြေများကို ဗုံးကျဲခြင်း ဝင်ရောက်စီးနင်းခြင်းများအမြဲမပြတ်ပြုလုပ်လျက်ရှိသည်။ ကျေးရွာများစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းများ ဗုံးကျဲခြင်းများကို အကြမ်းဖက်စစ်တပ်မှ အမြဲပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ဦးရေများတိုးသထက်တိုးလားခြင်း စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးလာခြင်းနှင့်အတူ ကပ်ဘေးများဆိုက်ရောက်နေခဲ့သည်။ နမခ နှင့် အစိုးရတိုင်းရုံးများရှိရာ မုံရွာမြို့၏ ပတ်ပတ်လည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေများဝန်းရံထားသကဲ့သို့ စစ်ကိုင်းတိုင်း၏ အဓိကပင်မလမ်းမကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များစိုးမိုးထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်တပ်များ၏ တိုက်ခိုက်မူကြောင့် စစ်ကောင်စီ၏ ခရိုင်ရုံးစိုက်ရာ ကောလင်းခရိုင် ကောလင်းမြို့ အား လေးရက်တာတိုက်ပွဲအတွင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီမှ လက်လွှတ်လိုက်ရပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း၏ မြို့များဖြစ်သော မော်လူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေးနှင် ပင်လည်ဘူးမြို့များကို တော်လှန်ရေးတပ်ပေါင်းစုက ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ အင်းတော်၊ ကောလင်း၊ ကနီ၊ ဒီပဲယင်းနှင့် ပုလဲမြို့များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူရန်ကြိုးစားနေသည်။ စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပသုံးလုံးယန္တယား၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်အင်အားစုများက ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၊ စစ်ရှောင်ကူညီရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
ခရိုင်များ
စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင် (၁၃)ခရိုင်၊ ခရိုင်နှင့်အဆင့်တူညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု တည်ရှိသည်။ ထိုခရိုင်များကို မြို့နယ် (၃၈)မြို့နယ်ဖြင့် ထပ်မံပိုင်းခြားသည်။ မြို့ပေါင်း (၅၀)မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စုနှင့် ရွာပေါင်း (၅၉၉၁) ရွာ တည်ရှိသည်။[၃]
ခရိုင်ရှိမြို့နယ်
အခြား မြို့ရွာများ
.ပုတီး
စိတ်ဝင်စားဖွယ်နေရာများ
[၄]
ဒေသထွက်ကုန်များ
ပဲပြောင်း နှမ်းဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိသည်။ စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။
တွင်းထွက်များ
ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊
ကျောက်စိမ်း(ခန္တီးမြို့)
ရေနံ(ပန်းသာ၊ အင်းတော်ဒေသ)
ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော)
မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်သည်။
ကိုးကား
- ↑ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
- ↑ Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
- ↑ မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
စစ်ကိုင်းတိုင်းဒေသကြီး၏ ပတ်ဝန်းကျင် နေရာများ |
---|
|
|
---|
ပြည်နယ်များ | | |
---|
တိုင်းဒေသကြီးများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | |
---|
ပြည်ထောင်စုနယ်မြေ | |
---|